ကလေးကို နွေရာသီမှာ ပြင်ဆင်ပေးသင့်တဲ့ စားသောက်မှုပုံစံ
နွေရာသီမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပေးတာကလည်း စိန်ခေါ်မှု တစ်ရပ်ပါ။ ကလေးကို နွေအပူကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးကိစ္စတွေကနေ ကာကွယ်ဖို့ရော နွေရာသီမှာ ကျန်းမာပျော်ရွှင်စေဖို့ပါ ပြင်ဆင်ပေးတဲ့ စားသောက်မှုပုံစံကို ဒီကနေတဆင့် မျှဝေပေးလိုက်ပါတယ်။
ကလေးတွေကို ကျန်းမာစေဖို့ အစားအစာပြင်ဆင်ပေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိထား ဂရုစိုက်ဖို့ လိုပါမယ်။
လတ်ဆတ်မှုကို အဓိကထားပါ - ကလေးကိ နွေရာသီမှာ အစားအစာ ပြင်ဆင်ပေးတဲ့အခါ ပြင်ဆင်ချက်ပြုတ်ပြီးသား အသင့်စား အစားအစာတွေ အစား လတ်ဆတ်တဲ့ အစားအစာတွေကို ပြင်ဆင်ပေးပါ။
အသင့်ပြင် အစားအစာတွေထဲမှာ အငန်တွေ၊ အချိုတွေ ပါဝင်မှု များသလို အဆီတွေကလည်း အတော်လေး များပါတယ်။ ဒါတွေက အခန့်မသင့်ရင် ကလေးကို အစာအိမ် အူလမ်းကြောင်း ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် နွေရာသီမှာ ကလေးကို လတ်ဆတ်တဲ့ သစ်သီးတွေ အသီးအရွက်တွေ ပြင်ဆင်ပေးဖို့ လိုပါမယ်။
အိမ်ချက်တွေပဲ ပြင်ဆင်ပေးပါ - ကလေးကို အမြ်နစား အစားအစာတွေကို ပြင်ဆင်ပေးတာက လွယ်ကူမြန်ဆန်တာ မှန်ပေမယ့် ကျန်းမာရေးကိုတော့ အထောက်အကူ မပြုပါဘူး။ အာဟာရဓာတ်တွေထက် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အချို၊ အငန်၊ အဆီနဲ့ တာရှည်ခံပစ္စည်းတွေ ပါဝင်မှုက ဒုနဲ့ဒေးပါ။ ဒါတွေက ကလေးကို အစာအိမ် ပြဿနာ၊ ဝမ်းပျက်တာ၊ ရေဓာတ်ဆုံးရှုံးတာလိုမျိုး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အာဟာရ ပြည့်ဝစွာ ပါဝင်နေပြီး လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်း ချက်ပြုတ်ထားတဲ့ အိမ်ချက် အစားအစာလေးတွေကို ပြင်ဆင်ပေးပါ။ အသီးလေးတွေကို အဆာပြေစားစရာ ပြင်ပေးတာ၊ ကန်စွန်းဥ ပြုတ်ပေးတာ၊ သာကူကျိုပေးတာ၊ ပူတင်းလုပ်ပေးတာ၊ နို့အေးလုပ်ပေးတာမျိုးတွေက ကလေးကို အပူချိန် သက်သာစေပြီး ကိုယ်တွင်းရေဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်မှာပါ။
ထမင်းကို ငါးပေါင်း၊ ကြက်စွပ်ပြုတ်၊ အသီးအရွက်ကြော်၊ ကြက်ဥပြုတ် စတာလေးတွေနဲ့ စားချင်စဖွယ် ပြင်ဆင်ပေးတာကလည်း ကလေးတွေကို အကြိုက်တွေ့စေမယ့် နွေရာသီ စားဖွယ်လေးတွေပါ။
ရေသောက်ဖြစ်အောင် ဂရုစိုက်ပါ - နွေရာသီမှာ အပူလျှပ်တာကို ကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်းက ကလေးကို ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ဖို့ပါ။
ရေဓာတ်ဆုံးရှုံးမှုက ခြေကုန်လက်ပမ်းကျတာ၊ အပူလျှပ်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ရေတိုက်ပါ။ ရေမသောက်ချင်ဘူးဆိုရင် အုန်းစိမ်းရည်၊ သကြားမပါတဲ့ သဘာဝ အသီးစစ်စစ်ကို ဖျော်ထားတဲ့ အသီးဖျော်ရည်၊ သံပုရာရည်စတာတွေကို တိုက်ပေးလို့ ရပါတယ်။
ဆီကြော်စာတွေ မကျွေးပါနဲ့ - နွေရာသီမှာ ဆီကြော်စာတွေက အစာကြေခဲစေပြီး ဝမ်းပျက်တာ၊ အစာမကြေ အော့အန်တာ၊ အထက်လန် အောက်လျှောစတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် နွေပူနေချိန်မှာ ကလေးကို ပီဇာ၊ ဟမ်ဘာဂါ၊ အာလူးချောင်းကြော်၊ ကြက်ကြော် စတာတွေကို မကျွေးပါနဲ့။
အချိုရည်နဲ့ ကဖင်းပါတာတွေ မတိုက်ပါနဲ့ - နွေရာသီမှာ အချိုရည်တွေက ရင်အေးစေတယ်လို့ ထင်စရာ ရှိပေမယ့် ကလေးကို ချောင်းဆိုးတာမျိုး ရင်ကျပ်တာနဲ့ ပန်းနာရင်ကျပ် အခံရှိတဲ့ ကလေးတွေမှာ ရောဂါအခြေအနေကို ပိုဆိုးစေပါတယ်။
နောက်တစ်ခုက ကဖင်းပါတဲ့ သောက်စရာတွေ အားဖြည့်အချိုရည်တွေပါ။ ဒါတွေက ကိုယ်တွင်းက ရေဓာတ် ဆုံးရှုံးမှုကို ဖြစ်စေပြီး ခြေကုန်လက်ပမ်းကျတာ ရေဓာတ်ခမ်းခြောက်တာကြောင့် အားနည်းတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
ကလေးကို အခုပြောခဲ့တဲ့ နည်းလေးတွေအတိုင်း ပြင်ဆင်ပေးလို့ နွေရာသီမှာ ကျန်းမာအောင် ဂရုစိုက်ပေးလို့ ရပါပြီ။
မွန်မွန်